Saturday, October 17, 2015

သီတင်းကျွတ်တမ်းချင်း


သီတင်းကျွတ်တမ်းချင်း

ရန်ကုန်ရဲ့ တောင်ဘက် မိုင်၂၀ ၀န်းကျင်၊
 ရွှေမှော်ဝန်း ကျောက်တန်းကနေ ရေလယ်စေတီတော် စံပါယ်ရာ
မှော်ဝန်းချောင်းကို ဖြတ်ပြီး တောင်ဘက် ၇ မိုင်လောက်မှာ
 ကျနော့်ရဲ့ မွေးရပ်မြေ ကမာကလုတ်ရွာ ရှိပါတယ်..
၇ွာမှာ အိမ်ခြေ (၃၀၀၀) ခန့်..
((ကျနော် ခန့်မှန်ချက်ပါ လွဲကောင်းလွဲနိုင်ပါတယ်))
ဘုန်းတော်ကြီး ကျောင်း ၃ ကျောင်းရှိတယ်..
ကျနော်တို့ရွာမှာ ရိုးရာ ၁၂ လရာသီ ပွဲတော်တွေကို
အထိုက်အလျှောက် ဆင်နွဲကြတဲ့ ပျော်စရာရွာလေးပါ..
ဒီပွဲတော်တွေထဲက သီတင်းကျွတ်ပွဲတော်ဆိုတာ..
ကျောက်တန်းမြို့နယ်တင်သာမဟုတ် ရန်ကုန်တောင်ပိုင်းခရိုင်တခုလုံးမှာ
ကျနော်တို့ ကမာကလုတ် က အစည်ကားဆုံး လို့ပြောနိုင်ပါတယ်..
သီတင်းကျွတ်ရောက်ရင် အဝေးရောက် ရွာသူ ရွာသားတွေ
အိမ်ပြန်လာကြ မိဘဆရာ သက်ကြီးရွယ်အိုတွေကို ကန်တော့ကြ..
ရွာနီးစပ်ချုပ်က လူတွေကလည်း သီတင်းကျွတ် ရောက်ပြီဆိုရင်
ကမာကလုတ်မှာ ဆင်နွဲကြနဲ့ မို့ စည်းကားလှတဲ့ ရွာအလှပါ....
( အရင်တုန်းကပါ ရွာနဲ့ ဝေးကွာခဲ့တာ ၉ နှစ်လောက်ရှိပြီမို့ အခုတော့မပြောတတ်)

ရွာလယ်မှာ ကောဇာသက္ကရာဇ် ၁၂၇၂ ခုနှစ်မှာ သွန်းလုပ်ပြီးစီးတဲ့
မန်လေး မဟာမြတ်မိုနိရုပ်ရှင်တော်မြတ်နဲ့ ဉာဏ်တော် တလက်မ နိမ်တဲ့
ပုံတူ ကျွန်းလုံးချမ်းသာ မြတ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး စံပါယ်ပါတယ်..

သီတင်းကျွတ် လဆန်း ၁၄ ရက်နေ့
မှာ ဆွမ်းတော်ကြီးတင်ပွဲအဖြစ်
 မြတ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကို မုန့် သစ်သီး အစရှိတဲ့
စားဖွယ်ရာတွေကို နေ့လည် ၁၂ နာရီမတိုင်မှီအထိ ကပ်လှူပူဇော်ကြပါတယ်..
အပြင်က ကျနော်တို့ အခေါ် ကျောင်းဝိုင်းကြီး အတွင်းမှာတော့
ခြင်းခတ် ဘောလီဘော ဘောလုံးအစရှိတဲ့ လူငယ်တို့ရဲ့
လေ့ကျက်ရာတွေကို ပျော်ရွင်ဆင်နွဲနေကြပါတယ်..
ရွာစုံက လူငယ်တွေ ခြေစွမ်းပြ လက်စွမ်းပြ ပရိပ်သတ် လက်ခုပ်သံ တညံညံနဲ့
ပျော်ရွင်ဖွယ်ရာ အတိပြီးသော ကာလ...
ညပိုင်းမှာ ရွာလယ်က ကပ္ပဿတ္တိစောမုနိ စေတီတော်မြတ်ကြီးမှာ
 ဆီမီး ဖရောင်းတိုင်းမီးတို့ဖြင့် မြတ်ဗုဒ္ဓကို ရွယ်ရည်လို့ မီးပူဇော်ကြပါတယ်..
လပြည့်နေ့...
သီတင်းကျွတ် လပြည့်လ နေ့ရောက်ရင် တရွာလုံး အိုးစည်ဒိုးပတ်သံတွေ
စည်ဝေနေပါတော့တယ်..
ရွာရဲ့ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းအနက်က
ရွာအနောက်ထိပ်က ကန်ဦးကျောင်းတိုက်ကို ကန်တော့ပွဲနေ့အဖြစ်
 သတ်မှတ်ထားကြပါတယ်..
အခြားကျောင်း ၂ ကျောင်းက ကျောင်းတော်သူ ကျောင်းတော်သားတွေက
အိုးစည်ဒိုးပတ် ၀ိုင်းတွေ ခြံရန်ပြီး ဦးပဇင်း ကိုရင်အစ ကျောင်းသားကျောင်း
သူအပေါင်းက ကန်ဦးကျောင်းတိုက်ကို ကန်တော့ပန်းဆင်မြန်းဖို့ ထွက်လာကြသလို ကန်တော့ခံကျောင်းကလည်း သံစုံဒိုးပတ်ဝိုင်းတွေနဲ့ ဦးရွေးရိုး ဒေါ်မိုး အကပါမကျန်အောင်
 ဖျော်ဖြေရေး အစီအမံနဲ့ ကြိုဆိုကြပြီး
အစားအသောက် အကြွေးအမွေးတွေနဲ့ ဧည်ခံပါတယ်..
အဲဒီအချိန်တွေဟာ ရွာရဲ့ အလှဆုံး အချိန်တွေပါပဲ..
ကန်တော့ ပွဲပြီးလို့ သက်ဆိုင်ရာ ကျောင်းတွေဆီ ပြန်ကြတဲ့
သူတွေရဲ့ အိုးစည် ဒိုးပတ် အက အလှ တွေရယ်
ပို့ဆောင်တဲ့ ကန်တော့ခံကျောင်းရဲ့ ဖျော်ဖြေရေးအက အလှတွေရယ်
ဒါတွေဟာစာဖွဲ့မမှီတဲ့ ရွာရဲ့ ပုံရိပ်တွေပါပဲ..
ညပိုင်းမှာတော့ လပြည့်ညမို့ အိမ်တိုင်းမှာ ဖရောင်းတိုင် မီးတွေ
ထွန်းညိုပြီး မြတ်ဗုဒ္ဓကို ပူဇော်ကြတာမို့ ရွာဟာ
ကုသိုလ်အလင်းတွေနဲ့ တောက်ပ ရွန်းမြနေပါတယ်..
လူငယ်တွေကလည်း လူငယ့်သဘာဝ ကိုယ့်ပိုးပန်းနေတဲ့
မိန်းမပျိုလေးနားကို ခြင်းကပ်ပြီး ပေါင်းရပါစေသား မကြားတကြားနဲ့
ဆီမီး အလင်းရောင်နဲ့ ကိုယ်ရောင်ထ ဖို့ ကြိုးစားနေကြတတ်ပါတယ်..
သီတင်းကျွတ် လပြည့်ကျော် ၁ ရက်..
ဒီနေ့ကတော့ ရွာလည်က ဘုံပျံကျောင်းတိုက် ကန်တော့ခံတဲ့ နေ့ဖြစ်ဖြစ်သလို
မနက်ဖြန် လပြည့်ကျော် ၂ ရက် ဆီဆွမ်းလောင်းပွဲအတွက် ရပ်ဝေးသံဃာတွေ
ကြွလာမှာမို့ ကျောင်းတိုက်အသီးသီးက ဝေယျာဝစ္စအဖွဲ့တွေ
အလုပ်များကြသလို ဆီဆွမ်းခံပွဲမှာ ဆင်နွဲဖို့ တီးဝိုင်းတွေ ပြင်ဆင် လို့ အလု

ပ်များသလို ရွာထဲမှာ ဒိုးပတ်သံတွေ စည်ညံလို့ လူတိုင်းရဲ့ရင်ထဲမှာ
စည်းဝါးအလိုက် အပျော်တွေ ယိမ်းကစားနေကြရဲ့...
နေ့လည်ပိုင်းမှာ မနေ့ကအတိုင်း ကန်တော့ ရမယ့်ကျောင်း ၂ကျောင်းက
ကန်တော့ခံ ဘုံပျံကျောင်းတိုက်ဆီကို ဒိုးပတ်သံတွေ ပျံလွင့်ရင်း ၀င်ရောက်လာသလို
ကန်တော့ခံ ကျောင်းက ကြိုဆိုတဲ့ အတီးအမှုတ်အက အခုန်တွေဟာ
ကျနော့် ရင်ထဲ ဒီနေ့အထိ စီးမျော ဆဲပါပဲ...
ဒီညကတော့ အပျို လူပျိုတွေ မနက်ဖြန် ဆီဆွမ်းပွဲ မှာ
ဟန်ရေးပြဖို့ ကြိုတင် လမ်းသလားလို့ စည်းကားလှတဲ့ ညအလှပါပဲ..

လပြည့်ကျော် ၂ ရက်..
ဒီနေ့ကတော့ ကျနော်တို့ သီတင်းကျွတ် ပွဲတော်ရဲ့
အထွတ်အထိပ် ဆီဆွမ်း လောင်းပွဲတော်နေ့ ပါပဲ...
မနက်ပိုင်းမှာ ကျောက်တန်း ၊ သံလျှင် ၊ ရန်ကုန် မြို့ကျောင်းတိုက်ပေါင်းများစွာရယ် 
အနီးအနား ရွာပေါင်းများစွာက သံဃာတော်တွေကို ဆီဆွမ်းလောင်းလှူဖို့
အတွက် ခုံတွေ နေရာချ ပြင်ဆင်ကြသလို့ ဆီဆွမ်းပွဲမှာ မိုးမရွာဖို့
ရှင်ဥပဂ္ဂတ္တ မထေရ် မြတ်ကို ပူဇော်....
နေ့ခင်းမှာတော့ ရွာခံအပျို လူပျိုတွေသာမက ဧည့်သည် ဖြစ်တဲ့ အပျို လူပျိုတွေ
ဝတ်ကောင်းစားလှ တွေဝတ်ပြီး ပွဲရှုခံ ထွက်လာပါတော့..
တနှစ်လုံး နေမထိ လေမထိတဲ့ ရွှေ နဲ့ ကျောက်သံပတ္တမြားတွေဟာ
နေရောင်အောက် အတိုးချ လင့်လက်ခွင့်ရကြသလို
ဘိနပ်မှ အစ ထီးအဆုံး အသစ် မှ အသစ်တွေ ကြီးစိုးလို့
သူသူငါငါ လူတကာ လှနေလေကြရဲ့...
ကိုလူပျိုတို့က နေရောင်ကို လရောင်အမှတ်နဲ့ ချစ်သူရှေ့ လျှောက်ပြန်သံပေး
ဟန်ရေးပြနေကြတဲ့ ကာလ..
ကျောင်းတိုက်တွေအတွင်းမှာတော့..
ဆီဆွမ်းပွဲမှာ ဆင်နွဲဖို့ တီးဝိုင်းတွေ အသင့်အနေအထားနဲ့
သံစဉ်တွေနဲ့ နေရောင်ကို ဖြိုခွင်းဖို့ မာန်ချီနေကြသလို
သံဃာတပါးအတွက် ရွှေထီးတယောက် သပိတ်တယောက်
ခွဲတန်းချ နေကြတာ ကံစမ်းမဲ ဖေါက်နေသပါပဲ..
ကျနော် အပါအ၀င် အများစုက ရွှေထီးထက် သပိတ်လောက်ပဲ
ပိုက်ချင်သူက အများသား...
သပိတ်ပိုက်တဲ့သူက ဆီဆွမ်းလောင်း အပျိုတွေ နားက ကပ်လျှောက်ရပြီး
ထီးမိုးသမားကတော့ နေရောင် က သံဃာတော်အပေါ် အထိပါးဖို့
ကာကွယ်ရသူမို့ စစ်သူကြီးလို့ တာဝန်က ကြီးလှတယ်..
သပိတ်ပိုက် တဲ့ လူအတွက်ကတော့ ကိုယ့်ကိုအမြင်ကပ်နေတဲ့
မိန်းကလေး လက်ရေးပြလို့ လက်ပေါ်စဉ်တတ်လာတဲ့
ဆီကြောင့် သပိတ်လွတ်မကျဖို့ အားထုတ်ရတာကလည်း
ချွေးစေးပြန်လောက်တယ်..
ထွက်လာပါပြီး ရှေ့ဆုံးက ရှေ့ပြေးဒိုးပတ်ဝိုင်းက မြိုင်ဆိုင်တဲ့ အတီးနဲ့
ဟာသဆွတ်တဲ့ နှဲသံ တခါတခါ အဲဒါတွေနဲ့ အတူ တွေ့ရတတ်တာက
အုန်းပင်တန်းဘက်အပိုင်း မင်းသားလုပ်ပြီးကနေတဲ့ မိတ်ကပ်အဖွေးသားနဲ့
ဦးမိုးဝေ...၀ါသနာက ဒိုးသံကြားရင် ခုန်ချင်လို့ပါတဲ့..
အဲဒီနောက် ရှေ့ဆုံးက ကျောင်းတိုက် နာမည်ဆိုင်ဘုတ်ကိုင်ထားတဲ့
ကျောင်းသားနောက်က သံဃာတော် အတန်းလိုက်..
လက်အုပ်ချီ ဒူးထောက်လို့ မာန်စင်လို့ ကြည့်လင်နေကြတဲ့
ပရိတ်သတ်ဟန်...
အဲဒီနောက် စုရပ်ဖြစ်တဲ့ အရှေ့ပိုင်းဓမ္မရုံအထိ တီးဝိုင်း တဖွဲ့
အဲဒီနောက်က ကျောင်းတိုက် ရဲ့ ကိုယ်စားပြုသံဃာတွေ..
ညနေ ၂ နာရီလောက်မှာတော့ ကျောင်းတိုက်ပေါင်းစုံက သံဃာတွေ
အရှေ့ပိုင်း ဓမ္မရုံမှာ စုစုစည်းစည်း ဖြစ်နေပါပြီ..
ရာသီဥတု အခြေအနေအလျှောက် ဆီဆွမ်းလောင်းလှူပွဲကို ၂ နာခွဲလောက်မှာ
စတင်ပါတယ်..အရင်ဆုံး အာဂန္တာု ပင့်သံဃာတွေ က
စတင် ပါတယ်..သံဃာတပါးကို သပိတ်ကိုင်သူ တယောက် ရွှေထီးမိုးသူတ
ယောက်က ခြံရန်ပြီး ဆီဆွမ်းခံပွဲကို စတင်ပါတယ်..
ကျောင်းတိုက် တခု မှာ ဒိုးပတ်ဝိုင်း တခုက ဖျော်ဖြေပါတယ်..
ဧည့်သံဃာတွေ ပြီးမှ နောက်ဆုံး ရွာခံ ၃ ကျောင်းက စတင်ပါတယ်..
နောက်ဆုံး အလှည့်ကို ရွာခံကျောင်း ၃ ကျောင်းက အလှည့်ကြရယူပါတယ်..
နောက်ဆုံးပိတ် အိပ်နဲ့ လွယ်ပေါ့...
ညနေပိုင်း လောက်မှာ ဆိုင်ရာဆိုင်ရာ ကျောင်းတိုက်တွေကို
ပြန်ရောက်ကြပြီ နောက်ဆုံး ကန်တော့ခံ ရွာတောင်ပိုင်းက ကမာဇွဲပရဟိတ ကျောင်းကို အခြားကျောင်းအသီးသီးက အိုးစည်ဒိုးပတ်တွေ ၀န်းရံပြီး ကန်တော့ဖို့ ထွက်လာကြပါတယ်..
ကန်တော့ခံ ကျောင်းက တိုင်းရင်းသား ပရဟိတ ကျောင်းမို့
ပအိုဝ်း ပဒေါင် အစရှိတဲ့ တိုင်ရင်းသားရိုးရာ အကတွေနဲ့ ကြိုဆိုတာမို့
တမူထူးလှတဲ့ မြင်ကွင်းမျိုးပါပဲ..
လောကမှာ မပြီးဆုံးသော ပွဲတော်ဆို မရှိဘူး ဆိုတဲ့အတိုင်း
ကျနော်တို့ ရဲ့ သီတင်ကျွတ်ပွဲတော်ကြီးလည်း အပျော်တွေနဲ့ စပြီး..
လွမ်းမောဖွယ်ရာ တနှစ်တာပြီးဆုံးပါတယ်...
ရွာခံတွေအတွက် လွမ်းမောဖွယ်ရာ တည နှစ်ည အပြီးမှာတော့..
လုပ်ငန်းခွင်ထဲ ၀င်ရောက်လို့ ဘ၀အတွက် ရုန်းကန်ဖြတ်သန်းလို့..
သီတင်းကျွတ် ညပုံပြင်ရသူတွေကတော့ တသသ တွေးရင်း...


အားလုံးကို ချစ်ခင်လျှက်
 ချမ်းငြိမ်း-မှော်ဝန်း 
Reactions:

0 comments:

Post a Comment